Sunday, June 14, 2015

အကျိုးသက်​​ရောက်​မှူ

ကလေးတွေအပေါ် ဖုန်းနဲ့ကွန်ပျူတာရဲ့ သက်ရောက်မှု
2015-06-12 mmlifestyle

ဖုန်းနဲ့ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေဟာ အသွားနှစ်ဖက်ပါဓါးလိုပဲ ကလေးတွေအတွက် ကောင်းကျိုးနဲ့ဆိုးကျိုးကို တပြိုင်နက်တည်း ဖြစ်စေပါတယ်။ ကလေးတွေကို ခေတ်မီနည်းပညာတွေနဲ့ မိတ်ဆက်ပေးတာဟာ ကောင်းပေမဲ့ ကလေးတွေက အသည်းအသန်စွဲလမ်းသွားတတ်တာကြောင့် ဆိုးကျိုးတွေလည်း ရှိလာတတ်ပါတယ်။ ဒါကြောင့် မိမိရဲ့သားသမီးတွေကို ခေတ်မီလျှပ်စစ်ပစ္စည်းတွေ ၀ယ်ပေးတဲ့အခါ ချင့်ချိန်မျှတစွာ သုံးတတ်အောင်ထိန်းနိုင်ဖို့ ကောင်းကျိုးဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကောင်းကျိုး (၁)အမြဲဆက်သွယ်နိုင်ခြင်း

သင့်ကလေးကို ဖုန်းတစ်လုံးပေးထားလိုက်ခြင်းအားဖြင့် အချိန်မရွေး ဖုန်းဆက်၊ မက်ဆေ့ခ်ျပို့နိုင်ပြီး သူ ဘယ်နေရာမှာဘာလုပ်နေလဲ သိနိုင်တဲ့အတွက် စိတ်အေးရမှာဖြစ်ပါတယ်။ မိဘက အလုပ်သွား၊ သားသမီးတွေက ကျောင်းသွားနဲ့ အချိန်ကြာကြာအတူမရှိနိုင်ကြတဲ့ဒီခေတ်မှာ မိဘနဲ့ကလေးကြား ဖုန်းနဲ့ဆက်သွယ်နိုင်ခြင်းဟာ သိပ်ကို အဆင်ပြေတဲ့နည်းပါပဲ။ ဒါ့အပြင် အန္တရာယ်တစ်စုံတရာရှိလာခဲ့ရင် လည်း ချက်ချင်းအဆက်အသွယ်ရနိုင်တဲ့အပြင် အခုခေတ်ဖုန်းတော်တော်များများမှာ GPS စနစ်ထည့်ထားနိုင်တဲ့အတွက် GPS ကိုသုံးပြီး ရှာရလည်းလွယ်ကူစေမှာဖြစ်ပါတယ်။

ကောင်းကျိုး (၂)မျက်စိအေးနားအေးနေရခြင်း

ဖုန်း ဒါမှမဟုတ် Laptop ကွန်ပျူတာနဲ့ သုံးလို့ရတဲ့ စိတ်ဝင်စားဖွယ်ရာတွေ အများကြီးရှိနေပါပြီ။ ဆွဲဆောင်မှုကောင်းလွန်းတဲ့ online game တွေ၊ offline game တွေ အပြင် သီချင်း၊ ဗွီဒီယိုတွေ အစုံကြည့်ရှုနိုင်ပြီး အင်တာနက်ကိုလည်း အလွယ်တကူသုံးနိုင်တဲ့အတွက် ကလေးတွေဟာ စိတ်ဝင်တစားငြိမ်နေတတ်လို့ မျက်စိအေးနားအေးနဲ့ ထိန်းရလွယ်တတ်ပါတယ်။

ကောင်းကျိုး (၃)ဗဟုသုတများစွာရရှိခြင်း

ဟိုးအရင်က ကလေးအများစုဟာ မိဘ၊ နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းတွေဆီကနေ ပြင်ပဗဟုသုတတွေ သင်ယူ ကြရပြီး မိမိဝါသနာပါရာတစ်ခုခုကို စွဲမြဲလေ့လာဖို့ ဆည်းပူးစရာရှားပါးခဲ့ကြပါတယ်။ ယခုလိုဖုန်းတွေ၊ ကွန်ပျူတာတွေရှိလာတဲ့ခေတ်မှာ စိတ်ဝင်စားဖွယ်ရာ လေ့လာစရာတွေအများကြီးရှိလာတဲ့အပြင် ၀ါသနာပါရာကို အလေးပေးလေ့လာလိုရင်လည်း စုံလင်လှပါတယ်။ ဥပမာ - ကွန်ပျူတာနဲ့စစ်တုရင်ထိုးနိုင်ခြင်း၊ အွန်လိုင်းမှ အင်္ဂလိပ်စာလေ့ကျင့်ခန်းများကို လုပ်နိုင်ခြင်း၊ ငှက်ရုပ်ခေါက် ပန်းချီဆွဲစတဲ့လက်မှုအနုပညာတွေ လေ့လာနိုင်ခြင်း စတဲ့ လေ့လာမှုတွေ အများကြီးလုပ်နိုင်ပါတယ်။ ဒါ့အပြင် ၀တ္တုတိုများ၊ ၀တ္တုရှည်များကိုလည်း အွန်လိုင်းမှာဖတ်ရှုနိုင်တဲ့အပြင် ဂီတအမျိုးအစားများစွာကိုလည်း လေ့လာနားဆင်နိုင်ပါတယ်။

ဆိုးကျိုး (၁) ကိုယ်လက်လှုပ်ရှားမှုတွေ နည်းသွားခြင်း

ဖုန်းတွေ၊ ကွန်ပျူတာတွေဟာ ကလေးတွေကို လွှမ်းမိုးနိုင်တဲ့အင်အားအကြီးဆုံးအရာတွေပါပဲ။ အိပ်ဖို့စားဖို့မေ့တဲ့အထိ ကစားဖို့မေ့တဲ့အထိ စွဲလမ်းသွားပြီး ဒါကိုပဲတချိန်လုံး ထိုင်သုံးနေတတ် ကြပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ဇက်ကြောတက်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အ၀လွန်ခြင်းတို့ဖြစ် တတ်တဲ့အပြင် သက်လုံမကောင်းတော့ပဲမောပန်းလွယ်ခြင်း၊ သန်မာထွားကျိုင်းမှုရပ်တန့်သွားခြင်း တို့လည်းဖြစ်နိုင်ပါတယ်။

ဆိုးကျိုး (၂)အာရုံကြောညောင်းညာအားနည်းခြင်း

နားကျပ်တပ်ပြီး နားစည်တွေကိုပျက်စီးစေလောက်တဲ့အထိ အသံကျယ်ကျယ်ဖွင့်ကာ သီချင်းနားထောင်၊ဗွီဒီယိုကြည့်တတ်ကြပါတယ်။ ဖုန်း (သို့) ကွန်ပျူတာထဲက တစ်ခုခုကို အရမ်းစိတ်ဝင်စားလာတဲ့အခါ မျက်တောင်ခတ်ဖို့တောင် မေ့သွားတတ်လို့ မျက်စိသာမက အာရုံကြောတွေပါ ညောင်းညာကိုက်ခဲလာနိုင်ပါတယ်။ တချိ့ကလေးတွေဟာ အာရုံကြောတွေ ညောင်းညာပင်ပန်းလွန်းလို့ လမ်းလျှောက်ရင်းဗိုင်းကနဲ လဲကျသွားခြင်း၊ အလိုအလျောက် သတိလက်လွတ်အိပ်ပျော်သွားခြင်းတို့တောင် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့်ကလေးတွေကို ဖုန်း၊ ကွန်ပျူတာသုံးချိန်တွေ ကန့်သတ်ပေးသင့်ပြီး အလွန်အကျွံသုံးခြင်းရဲ့ ဆိုးကျိုးကိုလည်း ပြောပြထားသင့်ပါတယ်။

ဆိုးကျိုး(၃)မသင့်တော်တာတွေကို မြင်တွေ့သွားနိုင်ခြင်း

ဖုန်းတွေ ကွန်ပျူတာတွေနဲ့ အင်တာနက်သုံးရင်း မတွေ့မမြင်သင့်တာတွေကို လက်ဆင့်ကမ်းမျှဝေရင်း ဖြစ်စေ၊ မိမိဘာသာရှာဖွေရင်းဖြစ်စေ တွေ့ရှိသွားနိုင်ပါတယ်။ ကလေးတွေကို မဖွယ်မရာပြုလုပ်ရန် ဖျားယောင်းသူတွေကလည်း အင်တာနက်ကနေ ၀င်ရောက်လာတတ်တဲ့အတွက် အန္တရာယ်အရမ်းများပါ တယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေ အင်တာနက်သုံးနေချိန်မှာ မလှမ်းမကမ်းကနေ အကဲခတ်ပေးသင့်တဲ့အပြင် မကြာခဏလည်း မေးမြန်းပြီး အတူတူသုံးတဲ့အခါလည်းသုံးပေးသင့်ပါတယ်။


Credit: http://yangonlife.com.mm/


No comments:

Post a Comment