Friday, November 27, 2015

ဦးနှောက်ထက်မြက်စေမယ့် နည်းလမ်း (၁ဝ) မျိုး....

ဦးနှောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ပေးတဲ့ ဗဟိုဌာနဖြစ်တာကြောင့် အင်မတန်မှရှုပ်ထွေးတဲ့ အင်္ဂါအဖွဲ့အစည်း တစ်ခုပါပဲ။ ဦးနှောက်ကျန်းမာဖို့ အရေးကြီးသလို ထက်မြက်တဲ့ ဦးခေါင်းပိုင်ရှင် ဖြစ်ချင်ကြတာ လူသားတိုင်းရဲ့ ဆန္ဒပါ။ ဦးနှောက်ကျန်းမာနေမှသာ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေအပြင် Alzheimer (ခေါ်) အရွယ်မတိုင်ခင် ဦးနှောက်ဇရာ အကြိုရောဂါတွေပါ ဖြစ်မလာစေနိုင်တော့ပါဘူး။ ဒါကြောင့် ဦးနှောက် ထက်မြက်စေဖို့ အောက်ပါနည်းလမ်း ၁ဝ သွယ်ဖြင့် မိမိကိုယ်ကို စောင့်ရှောက်ကြည့်စေ လိုပါတယ်။

(၁) တစ်နေ့ကို အနည်းဆုံး ရှစ်နာရီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်ပါ။ အိပ်ရေးမဝခြင်းက မှတ်ဥာဏ်စွမ်းရည် ကျဆင်းခြင်း၊ ကိုယ်ခံစွမ်းအား ကျဆင်းခြင်း၊ ဆီးချိုအမှတ်(၂) ဖြစ်လာခြင်း၊ ဆူညံသံတွေ မခံစားနိုင်တော့ဘဲ အကြားအာရုံ ချို့ယွင်းလာခြင်း၊ မကြာခဏ သန်းဝေ ငိုက်မျဉ်းကာ လန်းဆန်းမှု မရှိခြင်း၊ ခေါင်းကိုက်၍ မျက်စေ့အမြင် ဝေဝါးခြင်း၊ စိတ်မရှည်ဘဲ အလိုလို ဒေါသထွက်ခြင်း၊ နှလုံးခုန်နှုန်း မူမမှန်တော့ဘဲ နှလုံးရောဂါဖြစ်ခြင်း၊ ကိုယ်အပူချိန် ကျဆင်းလာခြင်း၊ အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ အသားအရေ ပျော့တွဲ အရောင်မွဲလာခြင်း၊ ဂယောင်ချောက်ချားဖြစ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိတော့ဘဲ ဆုံးဖြတ်ချက်တွေ မှားယွင်းလာခြင်း စသည့် နောက်ဆက်တွဲ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

(၂) ဦးနှောက်ကို အလုပ်လုပ်ခိုင်းတာက ထက်မြက်လာစေမယ့် လေ့ကျင့်ခန်း
တစ်ခုပါ။ လူကို အပျင်းပြေစေပြီး၊ ပျော်စရာလည်း ကောင်းတဲ့ Scrabble,
Chess, ဥာဏ်စမ်းပဟေဠိ ဝှက်ခြင်း၊ Crosswords, Sudoku စတဲ့ ဦးနှောက် လေ့ကျင့်ခန်းလေးတွေ မကြာခဏ ဆော့ကစားပေးပါ။

(၃) တွေးခေါ်ကြံဆပြီး နည်းလမ်းရှာရတဲ့ သင်္ချာပုစ္ဆာလေးတွေ၊ စာရင်းအင်း ပညာတွေကို အဖြေညှိကြည့်ပါ (သို့မဟုတ်) လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်ခန့်က မိမိစားခဲ့သော ဟင်းအမျိုးအမည်၊ ဝတ်ဆင်ခဲ့သော အဝတ်အစား အရောင်၊ တွေ့ဆုံခဲ့သောသူတွေ အကြောင်းကို အချိန်ယူ ပြန်လှန်စဉ်းစားရင်း ဦးနှောက်ကို အလုပ်ပေးပါ။

(၄) ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ ဖက်တီး အက်ဆစ်၊ ဖောလစ်အက်ဆစ်တွေက ဦးနှောက်ကို ခွန်အားဖြစ်စေပါတယ်။ ဦးနှောက်ကို အားပြုစေတဲ့ အစားအစာများမှာ သောက်ရေသန့် ၊ မက်မွန်သီး
(အစိမ်း)၊ ပန်းသီး၊ ထောပတ်သီး၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ ချိုသော အနက်ရောင် ဘယ်ရီသီးနှင့် အနီရောင် ချဉ်သော ဘယ်ရီသီးများ၊ ချယ်ရီသီး၊ ဂရိတ်ဖရု၊ ကီဝီ၊ သံပရာ၊ သံလွင်ဆီ၊ လိမ္မော်၊ စပျစ်၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်၊
မျောက်ဥ၊ ကြွေဥ၊ ဝဥ၊ ကန်စွန်းဥ၊ ပဲပင်ပေါက်၊ ရှောက်၊ သံပယို၊ သစ်တော်၊ ဇီးသီး၊ ဇီးယို၊ တင်လည်းသီး၊ ရက်စ်ဘယ်ရီ၊ ဒေါက်ခွရွက်၊ သစ်ကြား၊ ဆန်၊ ဂျုံ၊ဆပ်၊ လူး၊ ရွှေဖရုံသီးနှင့်အစေ့၊ ကလျာဏီပင်၊ ဝက်သစ်ချ၊ ပင်စိမ်းရွက်၊ စပျစ်ခြောက်၊ ကညွတ်၊ မတ်ပဲ၊ ပဲနီလေး၊ ပဲပိစပ်၊ ငရုတ်ချိုသီး၊ သကြား၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ အဆီနည်း ချိစ်၊ မချိုသောဒိန်ချဉ်၊ ကိုကိုးမှုန့်နှင့် ပြုလုပ်ထားတဲ့ ချောကလက် အနက်ရောင်၊ အစိမ်းရောင် လက်ဖက်ရည်၊ တို့ဟူး၊ တူနာငါး၊ အရေခွံမပါသော ကြက်သား၊ အဖြူရောင်ကြက်ဥ၊ ငါးကြီးဆီ၊ ပျားရည်၊ အရေခွံမပါသော ဘဲငန်းသား၊ ဆယ်လ်မွန်ငါး၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကြွယ်ဝသော ငါးများ စသည်တို့ ဖြစ်ကြပါတယ်။

(၅) လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ယောဂ ကျင့်ခြင်း၊အေရိုးဗစ်စတဲ့ ကိုယ်လက်လှုပ်ရှား အားကစားတွေက သွေးလည်ပတ်မှု အားကောင်းစေတာကြောင့် ဦးနှောက် အရည်အသွေးကို တိုးတက်လာစေပါတယ်။ ဒါ့ပြင် လူကို စိတ်အပန်းပြေစေပြီး၊ တွေးခေါ် ဥာဏ်စွမ်းရည် မြင့်မားစေပါတယ်။ (တရားထိုင်၊ တရားမှတ်ခြင်းကို နေ့စဉ် ပြုလုပ်ပေးသင့်ပါတယ်။)

(၆) လုံးဝ မတူညီတဲ့ ဘာသာစကားများ ဖြစ်ကြတဲ့ ဥပမာ- အင်္ဂလိပ်နဲ့  ဂျပန်ဘာသာကို တစ်ပြိုင်တည်း လေ့လာသင်ယူ ကျက်မှတ် ပြောဆိုခြင်းက ဦးနှောက်ကို အလုပ်လုပ်စေလို့  ဥာဏ်ရည်ထက်မြက်စေတဲ့ နည်းလမ်းကောင်းများ ဖြစ်ကြပါတယ်။

(၇) သတင်းစာ၊ ဝတ္တု၊ မဂ္ဂဇင်း၊ ကဗျာ၊ အင်တာနက်သတင်းများ စသည်ဖြင့်
ဗဟုသုတရဖွယ်ရာ စာပေအမျိုးမျိုးတို့ကို ဖတ်ရှုလေ့လာပြီး၊ မိမိနှစ်သက်တဲ့ စာသားတွေကို မှတ်စုရေးသားပြုစုကာ မကြာခဏ ပြန်လည်ဖတ်ရှုခြင်းက ဦးနှောက်ဆဲလ်များကို ကောင်းစွာ အလုပ်လုပ်စေပါတယ်။

(၈) ဦးနှောက်လန်းဆန်း တက်ကြွစေဖို့ တစ်နေ့လျှင် လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီ အနည်းဆုံး တစ်ခွက်မျှ သောက်ပေးပါ။ (လက်ဖက်ရည်၊ ကော်ဖီ နေ့စဉ် သောက်သုံးသူတွေဟာ လုံးဝ မသောက်သူတွေထက် ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ကြောင်း အမေရိကန် အာဟာရဂျာနယ်မှာ ဖော်ပြအကြံပြု ထားပါတယ်။)

(၉) ပီကေဝါးစားခြင်းက ဦးနှောက်နဲ့ အာရုံကြောတွေကို ကောင်းစွာ လှုံ့ဆော်ပေးပါတယ်။

(၁ဝ) အထက်ပါ ဦးနှောက် ထက်မြက်လာစေမယ့် အလေ့အကျင့်ကောင်းတွေကို လေ့လာလိုက်စားရင်း ဦးနှောက်အားရှိစေမယ့် အစားအစာတွေ စားသောက် နေထိုင်သော်လည်း သိသိသာသာ တိုးတက်မှု မရှိဘဲ ထုံထိုင်း၊ မေ့လျော့ခြင်းနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လိုအပ်ရင် ဆေးဝါးကုသမှု ခံယူပါ။ (ဦးနှောက်ဟာ လူတစ်ဦးတစ်ယောက် အတွက် လွန်စွာအရေးပါပြီး၊ ထိခိုက်ပျက်စီးတဲ့အခါ ကြီးမားတဲ့ဆုံးရှုံးမှုကို ဖြစ်စေတာမို့ မပေါ့သင့်ပါဘူး။)


No comments:

Post a Comment